Friday, July 4, 2008

ဟာနန်ခရက်စပို

တိုက်စစ်မှူး ဟာနန် ခရက်စပိုဟာ ချဲလ်ဆီးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီဖြစ်တဲ့အတွက် စတန်းဖို့ဘရစ်ခ်ျကနေ တရားဝင် ထွက်ခွာခွင့်ရပြီ ဖြစ်ပါတယ်။

အသက် (၃၃)နှစ်အရွယ် ခရက်စပိုဟာ ၂၀၀၃ မှာ ချဲလ်ဆီကို ရောက်ရှိပြီး ပထမ ရာသီအတွင်းမှာ ဘလူးစ် အသင်းအတွက် (၁၀)ဂိုး သွင်းပေး ထားပါတယ်။

အာဂျင်တီးနား တိုက်စစ်မှူးဟာ လန်ဒန်ကလပ်မှာ အခြေတကျ မရှိတဲ့အတွက် နောက်တစ်နှစ်အကြာမှာ အီတလီကလပ် အေစီမီလန်ကို တစ်နှစ်အငှားစာချုပ်နဲ့ ရောက်ရှိသွားပါတယ်။

သူဟာ ၂၀၀၅၊၀၆ ရာသီမှာ ပရီးမီးယားရှစ်ကို ပြန်လာခဲ့ပေမယ့် မကြာမီမှာပဲ အသင်းဟောင်း အင်တာမီလန်ကို (၂)နှစ်အငှားစာချုပ်နဲ့ ပြန်လည် ရောက်ရှိသွားပါတယ်။

အလွတ်ပြောင်းရွေ့ကြေးနဲ့ အသင်းပြောင်းနိုင်တဲ့ ခရက်စပိုဟာ နည်းပြသစ် မော်ညင်ဟိုရဲ့ အီတလီစီးရီးအေ ချန်ပီယံအသင်းမှာ အမြဲတမ်းစာချုပ်ချုပ်နဲ့ နေထိုင်ခွင့်ရဖို့ မျှော်လင့်နေပါယတ်။

သူဟာ ၂၀၀၃ မှာ ချဲလ်ဆီးကို ရုရှားဘီလျံနာ ရိုမန် အေဘရာမိုဗစ်ခ်ျ ၀ယ်ယူပြီးနောက် နည်းပြ ကလောဒီရို ရိုင်နရီရဲ့ ပထမဆုံး ၀ယ်ယူခြင်း ခံရတဲ့ ကစားသမား ဖြစ်ပါတယ်။

ချဲလ်ဆီးရဲ့ ထုတ်ပြန်ချက်မှာ ချဲလ်ဆီးတီရှပ်ကိုဝတ်ပြီး အသင်းအတွက် ကြိုးစားပေးမှုတွေအတွက် ကျနော်တို့ ကျေးဇူးတင်ပါတယ်။ သူ့ရဲ့ အနာဂတ် လှပပါစေလို့လည်း ဆုတောင်းပါတယ် လို့ ဖော်ပြထားပါတယ်။

သူဟာ ချဲလ်ဆီးနဲ့ (၄၉)ပွဲမှာ ဂိုး (၂၀)၊ မီလန် (အငှား)နဲ့ (၂၈)ပွဲမှာ (၁၀)ဂိုး၊ အင်တာ (အငှား)နဲ့ (၄၈)ပွဲမှာ (၁၈) ဂိုး သွင်းထားပြီး လက်ရွေးစင်အသင်းအတွက် (၆၅)ပွဲမှာ (၃၆)ဂိုး သွင်းထားပါတယ်။





No comments: