Tuesday, July 22, 2008

ပီတာဆက်ခ်ျ သက်တမ်းတိုး

ချဲလ်ဆီးက ချက်ဂိုးသမား ပီတာ ချက်ကို (၅)နှစ်စာချုပ်သက်တမ်းတိုးပြီး ၂၀၁၃ အထိ စတန်းဖို့ဘရစ်ခ်ျမှာ ဆက်ထိန်းထား လိုက်ပါတယ်။

အသက် (၂၆)နှစ်အရွယ် ဂိုးသမားရဲ့ အနာဂတ်ဟာ မေလတုန်းက မသေချာ မရေရာဖြစ်ပြီး ပေါင် (၃၂)သန်းနဲ့ အသင်းပြောင်းတော့မယ်လို့ သတင်းထွက်ခဲ့ ပါတယ်။

“အခုလို နှစ်ရှည်စာချုပ်နဲ့ သက်တမ်းတိုးတာဟာ ချဲလ်ဆီးက ကျနော့်ကို ဂုဏ်ပြုတာပါပဲ။ စာချုပ်သစ်အတွက် ကျနော် ပျော်ပါတယ်” လို့ ပီတာဆက်ခ်ျ က အသင်းရဲ့ ၀က်ဆိုဒ်မှာ ပြောဆိုထားပါတယ်။

ချဲလ်ဆီးက ကျနော့် နှလုံးသားထဲမှာ တဖြည်းဖြည်း နေရာယူလာ နေပါပြီ။ အကြောင်းကတော့ ကစားဖော်တွေရော အသင်းအတွက် အလုပ်လုပ်ပေးသူတွေနဲ့ အားပေးနေတဲ့ ပရိတ်သတ်တွေကြောင့် ဖြစ်ပါတယ်

ချက်ရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ (၂)နှစ်ကျန်နေသေးပေမယ့် စာချုပ်သစ်မှာ အခွင့်အရေးတချို့ ထပ်ပေးပြီး နောက်ထပ် (၅)နှစ်စာချုပ်သစ် ချုပ်ဆိုလိုက်ခြင်း ဖြစ်ပါတယ်။



ချက်လက်ရွေးစင် ဂိုးသမာဟာ ပြင်သစ်ကလပ် ရီနန့်စ်ကနေ ပေါင် (၇)သန်းနဲ့ ၂၀၀၄မှာ ပြောင်းရွေ့လာပြီး ချဲလ်ဆီးအတွက် ပွဲပေါင်း (၁၆၆)ပွဲ ကစားပေးထားပါတယ်။

ချဲလ်ဆီးနည်းပြသစ် စကိုလာရီက ပီတာချက်ကို စာချုပ်သစ် ချုပ်နိုင်လို့ ၀မ်းသာကြောင်း ပြောဆိုပါတယ်။

“ကျနော့်အမြင်အရတော့ သူက ကမ္ဘာပေါ်မှာ အကောင်းဆုံး ဂိုးသမားတစ်ယောက်ပါ။ ဒါကြောင့် သူ ဒီမှာ ဆက်ရှိနေတာကို အများကြီး ကျေနပ်ပါတယ်”

ဂိုးသမား ချက်ဟာ အင်္ဂလန်ကို ရောက်တဲ့ ပထမရာသီမှာပဲ မိနစ်ပေါင်း (၁၀၂၄)မိနစ်အတွင်းမှာ ပေးဂိုးမရှိ စံချိန်တင်နိုင်လို့ ပရီးမီးယားရှစ်ရဲ့အကောင်းဆုံး ဂိုးသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာ ယူအီးအက်ဖ်အေရဲ့ ၂၀၀၅၊ ၀၆ ရာသီအတွက် တန်ဖိုးအရှိဆုံး ဂိုးသမားအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။

No comments: